စာတို

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ကရင်တစ်မျိုးသားလုံး လိုလားသော အမျိုးသားရေး မျှော်မှန်းချက် ပန်းတိုင်ဆီသို့"  

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆီသို့"  

  • English
  • Karen
  • Myanmar

ကရင်အမျိုးသားလက်နက်ကိုင်အဖွဲ့အစည်းများ စည်းလုံးညီညွှတ်ရေးကော်မတီ - UCKAG

စည်းလုံးညီညွတ်ခြင်း

ကရင်အမျိုးသားလက်နက်ကိုင်အဖွဲ့အစည်းများ စည်းလုံးညီညွှတ်ရေးကော်မတီ - UCKAG

(၁၅) ကြိမ်မြောက် ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး၏ ညီလာခံ ကျင်းပပြီးနောက်တွင် ကရင်လက်နက်ကိုင် တပ်ဖွဲ့များအားလုံးကို စုစည်းရန်အတွက် ဗိုလ်ချုပ်ကြီးစောဂျော်နီ က ဦးဆောင်သော အဖွဲ့ဝင် (၇) ဦး ပါဝင်သည့် ကော်မတီကို ဖွဲ့စည်းခဲ့သည်။ ကော်မတီ၏ ရည်ရွယ်ချက်မှာ ဘုံနိုင်ငံရေး အခြေခံမူဝါဒတစ်ရပ်ကို ရှေ့ရှု၍ ဆောင်ရွက်ရန် ဖြစ်သည်။

ကရင်လက်နက်ကိုင်အဖွဲ့အစည်းများ စည်းလုံးညီညွတ်ရေး ကော်မတီတွင် KNU ၊ DKBA ၊ KNU/KNLA-PC ငြိမ်းချမ်းရေးကောင်စီ၊ ဟောင်သရော အထူးဒေသ ငြိမ်းချမ်းရေးအဖွဲ့၊ ဘုရားကုန်း (ခ) ဖဒိုအောင်ဆန်းအဖွဲ့နှင့် နယ်ခြားစောင့်တပ်ဖွဲ့ (BGF) တို့က အဖွဲ့ဝင်များအဖြစ်ပါဝင်ပြီး ပထမဆုံး အစည်းအဝေးကို ၂၀၁၃ ခုနှစ်၊ မေလ (၂၈) ရက်၊ ဘားအံခရိုင်၊ ဝေနော်တယာ (ထို့ကော်ကိုး) တွင် ကျင်းပပြုလုပ်ခဲ့သည်။

ကရင်လက်နက်ကိုင်အဖွဲ့အစည်းများ စည်းလုံးညီညွတ်ရေးကော်မတီကို ဗိုလ်ချုပ်ကြီးစောဂျော်နီ (KNU) က ဦးဆောင်သော ကိုယ်စားလှယ် (၃) ဦး၊ KNU/KLA – PC က ဗိုလ်မှူးချုပ်စောရင်နု ဦးဆောင်သော ကိုယ်စားလှယ် (၃) ဦး၊ BGF က ဗိုလ်မှူးကြီးစောချစ် ဦးဆောင်သော ကိုယ်စားလှယ် (၃) ဦး၊ DKBA က ဗိုလ်မှူးချုပ်စောကျော်သက် ဦးဆောင်သော ကိုယ်စားလှယ် (၃) ဦး၊ KPF က ဗိုလ်မှူးစောဖာတဒါး ဦးဆောင်သော ကိုယ်စားလှယ် (၃) ဦးနှင့် ဘုရားကုန်း ငြိမ်းချမ်းရေးအဖွဲ့က ပဒိုစောမြင့်သန်း ဦးဆောင်သော ကိုယ်စားလှယ် (၂) ဦး၊ စုစုပေါင်း အဖွဲ့ဝင် (၁၇) ဦးတို့ဖြင့် ဖွဲ့စည်းခဲ့သည်။

“ကျွန်တော်တို့အားလုံး ကရင်လူမျိုးတွေပဲဖြစ်တယ်၊ ဒါကြောင့် အရေးကြီးတဲ့အချိန်ကျရင် သွေးနီးပြီး စည်းလုံးညီညွတ်ဖို့လိုတယ်” ဟု KNLA ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောဂျော်နီ က ပြောကြားခဲ့သည်။

ကရင်လက်နက်ကိုင်အဖွဲ့အစည်းများ စည်းလုံးညီညွတ်ရေးကော်မတီ ဒုတိယအကြိမ် အစည်းအဝေး ကျင်းပပြုလုပ်ရာတွင် - KNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောဂျော်နီ က ဦးဆောင်သော ကရင်လက်နက်ကိုင်အဖွဲ့အစည်းများ စည်းလုံးညီညွတ်ရေးကော်မတီသည် ဒုတိယ အကြိမ်မြောက် အစည်းအဝေးကို ၂၀၁၃ ခုနှစ်၊ စက်တင်ဘာလ (၃) ရက်နေ့တွင် ရွှေကုက္ကိုလ်မြိုင်၌ ကျင်းပပြုလုပ်ခဲ့သည်။ သုံးလတစ်ကြိမ် ပုံမှန်အစည်းအဝေးကျင်းပရန် စီစဉ်ထားသည့်အတိုင်း ကျင်းပသော ထိုအစည်းအဝေးတွင် ကရင်လက်နက်ကိုင်အဖွဲ့များအကြားရှိ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။ ကရင်လက်နက်ကိုင် အဖွဲ့အစည်းများအားလုံး စုစည်းညီညွတ်ရန်နှင့် ကော်မတီ အဖွဲ့ဝင် (၁၇) ဦးအထိ ထားရှိမည်ဖြစ်ကြောင်း စည်းလုံးညီညွတ်ရေးကော်မတီက ဆုံးဖြတ်ခဲ့သည်။

လက်နက်ကိုင် အဖွဲ့အစည်းများအကြား ပဋိပက္ခ ဖြစ်နိုင်သော ဒေသများတွင် ပူးတွဲ ဆက်ဆံရေးရုံးများ ထားရှိရန် သဘောတူညီခဲ့ကြသည်။ သို့သော် ဆက်ဆံရေးရုံး မတည်ထောင်မီ KNU မှနေ၍ ကော်မတီ၏ လုပ်ငန်းအတိုင်းအတာနှင့် သတ်မှတ်ချက်များကို ရေးဆွဲရန် တာဝန်ယူသွားမည်ဖြစ်သည်။ လက်နက်ကိုင်အဖွဲ့များသည် ကရင်ပြည်နယ်အတွင်းရှိ မူးယစ်ဆေးဝါး ပြဿနာကိုလည်း ဆွေးနွေးခဲ့ပြီး နောက်တစ်ကြိမ်အစည်းအဝေးတွင် KNU မှ ဦးဆောင်သော မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ကော်မတီဖွဲ့စည်းရန် သဘောတူညီခဲ့သည်။ နောက်တစ်ကြိမ် အစည်းအဝေး မတိုင်ခင် လူထုအား မူးယစ်ဆေးဝါးနှင့် စပ်လျဉ်း၍ ပညာပေးရန်၊ လက်ကမ်းစာစောင်များ ဝေရန် KNU မှ တာဝန်ယူသွားမည်ဖြစ်သည်။

အစည်းအဝေးသို့ KNU က ကိုယ်စားလှယ် (၁၁) ဦး၊ KNU/KNLA (PC) က ကိုယ်စားလှယ် (၃) ဦး၊ KPF က ကိုယ်စားလှယ် (၄) ဦး၊ ဘုရားကုန်း ငြိမ်းချမ်းရေးအဖွဲ့က ကိုယ်စားလှယ် (၃) ဦး၊ BGF က ကိုယ်စားလှယ် (၁၇) ဦး၊ သံတောင် အထူးဒေသက ကိုယ်စားလှယ် (၂) ဦးနှင့် သံတောင် မြောက်ပိုင်းက ကိုယ်စားလှယ် (၁) ဦးတို့ စုစုပေါင်း (၄၁) ဦး တက်ရောက်ဆွေးနွေးခဲ့ကြသည်။

ကရင်လက်နက်ကိုင်အဖွဲ့အစည်းများ စည်းလုံးညီညွတ်ရေး ကော်မတီ (UCKAG) သည် ဒေသခံ ရပ်ရွာများနှင့်အတူ ဆွေးနွေးပွဲနှင့် မူးယစ်ဆေးဝါး ပညာပေး အစည်းအဝေး ကျင်းပပြုလုပ်ရာတွင် - ၂၀၁၄ ခုနှစ်၊ မေလ (၂၁-၂၈) ရက်တွင် ဒေသခံရပ်ရွာများနှင့်အတူ ဆွေးနွေးပွဲနှင့် မူးယစ်ဆေးဝါး ပညာပေး အစည်းအဝေးများ ကျင်းပပြုလုပ်ခဲ့သည်။ ပထမဆုံးဆွေးနွေးပွဲကို မေလ (၂၁) ရက်တွင် ဘားအံခရိုင်၊ ထိုကော်ကိုး ငြိမ်းချမ်းရေးကောင်စီ ဌာနချုပ်တွင် ကျင်းပခဲ့ပြီး မေလ (၂၃) ရက် အစည်းအဝေးကို ကစိုကျေးရွာ၊ မေလ (၂၅) ရက် အစည်းအဝေးကို ကွမ်ဘီကျေးရွာ၊ မေလ (၂၆) ရက် အစည်းအဝေးကို ဘားအံခရိုင်၊ လူပလဲ မြို့နယ် ကမော်လှဲတွင် အစည်းအဝေးများ ဆက်လက်ကျင်းပခဲ့သည်။ နောက်ဆုံးအစည်းအဝေးကို မေလ (၂၈) တွင် မူထရော် ခရိုင်၊ ဒွဲ့လိုးမြို့နယ်က ဝေါ်တမိုကျေးရွာတွင် ကျင်းပခဲ့သည်။ အစည်းအဝေးများတွင် KNU ၊ DKBA ၊ KNU/KNLA−PC နှင့် BGF တပ်ဖွဲ့များက အဖွဲ့ဝင်များ ပါဝင်တက်ရောက်ဆွေးနွေးခဲ့ကြသည်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) စစ်ဦးစီးချုပ်၊ ကရင်လက်နက်ကိုင် အဖွဲ့အစည်းများ စည်းလုံးညီညွတ်ရေးကော်မတီ ဥက္ကဌ ဖြစ်သူ ဗိုလ်ချုပ်ကြီး စောဂျော်နီ က အစည်းအဝေးများတွင် ဦးဆောင်ဆွေးနွေးခဲ့သည်။ KNU ကိုယ်စားလှယ်များတွင် ပဒိုစောရွှေမောင်း၊ ပဒိုစောအောင်မော်အေး၊ ပဒိုစောအားတိုး၊ ဗိုလ်မှူးကြီးစောဖောဒိုနှင့် ပဒိုစောဘာဒီဖိုးတို့ ပါဝင်တက်ရောက်ခဲ့သည်။ ထို့အပြင် KNU/KNLA – PC က ဗိုလ်မှူးချုပ် စောရင်နု နှင့် ဗိုလ်မှူးကြီး စောရွှေကျော်တို့ ဦးဆောင်သော ကိုယ်စားလှယ် (၂) ဦး၊ BGF က ဗိုလ်မှူးကြီးစောချစ်သူနှင့် စောကြာအင်းတို့ ဦးဆောင်သော အကြံပေးကိုယ်စားလှယ် (၂) ဦးနှင့် DKBA က ဗိုလ်မှူးကြီး စောမောင်ကြာတို့ ပါဝင်တက်ရောက်ခဲ့သည်။ ထို့အပြင် ကော့ကရိတ်မြို့နယ်၊ လှိုင်းဘွဲမြို့နယ်နှင့် ဖါပွန်မြို့နယ်တို့က မူးယစ်ဆေးဝါး နှိမ်နှင်းရေး ရဲအရာရှိများ၊ မြဝတီမြို့ တောင်ကလေး ဘုန်းကြီးကျောင်းက အရှင်အဂ္ဂဝံသ၊ လိုင်းဘွဲမြို့နယ် မဲဆမိတ်ဘုန်းကြီးကျောင်းက အရှင်ဆန္ဒရ တို့လည်း အချို့အစည်းအဝေးများတွင် တက်ရောက်ခဲ့ကြသည်။

ဒေသခံရပ်ရွာများနှင့်အတူ ဆွေးနွေးပွဲနှင့် မူးယစ်ဆေးဝါး ပညာပေး အစည်းအဝေးများတွင် ကရင်လက်နက်ကိုင်အဖွဲ့အစည်းများ စည်းလုံးညီညွတ်ရေး ကော်မတီက ခေါင်းဆောင်များက ကရင်ပြည်နယ်တွင် ပျံ့နှံ့လာသော မူးယစ်ဆေးဝါး အန္တရာယ်အကြောင်းကို မိန်းခွန်းများ ပြောခဲ့ကြသည်။ ဒေသခံများက ကရင်လက်နက်ကိုင်အဖွဲ့အစည်းများ စည်းလုံးညီညွတ်ရေး ကော်မတီ နှင့် ပူးပေါင်းကာ ပျံ့နှံ့လာနေသော မူးယစ်ဆေးဝါးအန္တရာယ်ကို တိုက်ဖျက်ရန် ကတိပြုခဲ့ကြသည်။ ကရင်ပြည်နယ်အတွင်းရှိ ရပ်ရွာအသိုက်အဝန်းများအကြား မူးယစ်ဆေးဝါးဆိုင်ရာ အသိ၊ သတိများ ပြန့်ပွားစေရေး ပညာပေးရန် သဘောတူညီခဲ့ကြသည်။ ရပ်ရွာများ၏ အကြံပြုချက်များကိုလည်း ခေါင်းဆောင်များက ဂရုတစိုက်နားထောင်ခဲ့ကြသည်။

“နိုင်ငံတစ်နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုဟာ နောက်မျိုးဆက်သစ်အပေါ်မှာ မူတည်ပါတယ်။ လူငယ်တွေသာ မူးယစ်ဆေးဝါး သုံးစွဲနေမယ်ဆိုရင် တိုင်းပြည်ရဲ့ အနာဂါတ်ဟာ ကံဆိုးမိုးမှောင် ကျပါလိမ့်မယ်။ မျိုးဆက်သစ် ကရင်လူငယ်တွေဟာ မူးယစ်ဆေးဝါး ကင်းရှင်းဖို့ လိုပါတယ်” ဟု KNLA က ဗိုလ်ချုပ် စောအိုက်ဇက်ဖိုးက ပြောကြားခဲ့သည်။

ဒေသခံရပ်ရွာများနှင့်အတူ ဆွေးနွေးပွဲနှင့် မူးယစ်ဆေးဝါးပညာပေး အစည်းအဝေးများ ကျင်းပြပြုလုပ်ရာတွင် ကရင်လက်နက်ကိုင်အဖွဲ့အစည်းများ စည်းလုံးညီညွတ်ရေး ကော်မတီက ခေါင်းဆောင်များနှင့် ဒေသခံပြည်သူများအကြား ဆက်ဆံရေးကို ခိုင်မာကောင်းမွန်စေခဲ့ကာ ကရင်လက်နက်ကိုင် တပ်ဖွဲ့များနှင့် ကရင်လူထုအကြား စည်းလုံးညီညွတ်မှုနှင့် ငြိမ်းချမ်းရေးတည်ဆောက်မှုကို ထင်ဟပ်လျက်ရှိပါသည်။