Notice

"ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ကရင်တစ်မျိုးသားလုံး လိုလားသော အမျိုးသားရေး မျှော်မှန်းချက် ပန်းတိုင်ဆီသို့"

"ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆီသို့"

"ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ကရင်တစ်မျိုးသားလုံး လိုလားသော အမျိုးသားရေး မျှော်မှန်းချက် ပန်းတိုင်ဆီသို့"


သတင်းနှင့်မီဒီယာကဏ္ဍ

  •    22 MAY , 2019
  •   Admin
  •   News

စတုတ္ထအကြိမ်မြောက် NCA-S EAO ထိပ်သီးညီလာခံတွင် KNU မှ အဆိုပြုတင်သွင်းခဲ့သော PPCM အကြောင်းကို ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ အထွေထွေအတွင်းရေးမှူးချုပ် ပဒိုစောတာဒိုမူး နှင့် တွေ့ဆုံမေးမြန်းခြင်း

စတုတ္ထအကြိမ်မြောက် NCA-S EAO ထိပ်သီးညီလာခံတွင် KNU မှ အဆိုပြုတင်သွင်းခဲ့သော PPCM အကြောင်းကို အထွေထွေအတွင်းရေးမှူးချုပ် ပဒိုစောတာဒိုမူးက အသေးစိတ် ဖြေကြားထားပါတယ်။

 

မေး။ ။ PPCM ဆိုတာဘာလဲ။

ဖြေ။ ။ PPCM ဆိုတာ Peace Process Consultative Meeting လို့ခေါ်ပါတယ်။ NCA လက်မှတ် ထိုးထားတဲ့အဖွဲ့တွေနဲ့ မထိုးရသေးတဲ့အဖွဲ့တွေ အားလုံးကြားမှာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နဲ့ပတ်သက်ပြီး ညှိုနှိုင်းတိုင်ပင်၊ အကြံပြု ဆွေးနွေးနိုင်တဲ့ အစည်းအဝေးကို ခေါ်တာဖြစ်တယ်။ တစ်နည်းအားဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး အစည်းအဝေးလို့လည်း ခေါ်လို့ရတယ်။

 

မေး။ ။ PPST ရှိလျှက်နဲ့ PPST ကို ဖျက်သိမ်းပြီး ဘာကြောင့် PPCM စုဖွဲ့မှုအသစ်ကို ညီလာခံမှာ အဆိုတင်သွင်းခဲ့တာလဲ။

ဖြေ။ ။ PPST ဆိုတာကတော့ ကာလတစ်ခုမှာအလုပ်ဖြစ်ခဲ့ပါတယ်။ NCA လက်မှတ်ရေးထိုး ထားတဲ့အဖွဲ့တွေအကြား စုစည်းပြီး ခေါင်းစဉ်တစ်ခုရဲ့ အောက်မှာ တိုင်ပင်ညှိနှိုင်းကြပြီး ဘုံရည်မှန်းချက်ကို အခြေခံ အကောင်အထည်ဖော်နိုင်တဲ့အသွင်ဆောင်ခဲ့ပါတယ်။ သို့သော် ငြားလည်း တစ်ဘက် ဆွေးနွေး ဘက်ကနေ တစ်ဆို့မှု ဖြစ်စေမယ့် အချက်တွေကို စပြီး တင် သွင်းလာတဲ့အခါမှာတော့ ကြုံတွေ့လာရတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာ စိန်ခေါ်မှုတွေကို ဖြေရှင်းတဲ့အခါမှ အကျေအလည် ဖြေရှင်းဖို့ဆိုတာထက် အစည်းအဝေး တစ်ခုအပြီး နောက်တစ်ခုကိုပဲ တက်ရောက်ကြဖို့ အားစိုက် အကောင်အထည်ဖော် လုပ်နေတာကို တွေ့ ရပါတယ်။ အမှန်တကယ် တိမ်းစောင်းနေတဲ့ လမ်းကြောင်းကို ပြန်လည်တည့်မတ်ဖို့ ကြိုး စားရမှာထက် လက်ရှိအနေအထားကိုပဲ ထိန်းသိမ်းနိုင်ရေးကို ဦးစားပေးနေကြတဲ့အပြင် PPST အစည်းအဝေးကို အသုံးချပြီး ကိုယ်လိုချင်တဲ့ ဆုံးဖြတ်ချက်တွေကို ချဖို့ကြိုးစားရာ ကနေ ကျနော်တို့ NCA-S EAO အတွင်းမှာ အုပ်စုဖွဲ့သလိုဖြစ်လာပါတယ်။

 

ဘုံရည်မှန်းချက်ကို အခြေခံပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ပြန်လည်တည့်မတ်အောင် ကြိုးစား တဲ့ အဖွဲ့နဲ့ လက်ရှိသွားနေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကပဲ အလုပ်ဖြစ်နေတယ်လို့ ယူဆပြီး လက်ရှိအခြေအနေကိုပဲ မျက်နှာမပျက်ရေးဆက်သွားလိုတဲ့ အဖွဲ့ကြားမှာ အဖုအထစ်လေး တွေဖြစ်ပေါ်လာခဲပါတယ်။

 

ဒါကြောင့်ပဲ ကျနော်တို့ KNU က ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ပြန်လည်သုံးသပ်ဖို့ PPST ကို တောင်းဆို ခဲ့ပါတယ်။ တိတိကျကျပြောရရင် ၂၀၁၇ ခုနှစ်၊ ပြည်ထောင်စုငြိမ်းချမ်း ရေးညီလာခံ-၂၁ ရာစုပင်လုံ ဒုတိယအစည်းအဝေးအပြီးမှာတောင်းဆိုခဲ့တာပါ။ ကျနော်တို့ အဖွဲ့အစည်းအတွင်းမှာလည်း ပြန်လည် သုံးသပ်မှုတွေ လုပ်ပါတယ်။ ပြန်လည်သုံးသပ်မှု ရလဒ်ကို အခြေခံပြီး (၄) ကြိမ်မြောက် KNU ဗဟို အမြဲတမ်းကော်မတီအစည်းအဝေးကနေ လိုအပ်တဲ့ ပြင်ဆင်မှု၊ ကိုယ်စားလှယ်အစားထိုးမှုတွေကို လုပ်ဖို့ ဆုံးဖြတ်ချက်ချခဲ့ပါတယ်။

 

PPST ကိုတော့ ပြန်လည်သုံးသပ်ပြီး Reform လုပ်ဖို့ အကြိမ်ကြိမ်တောင်းဆိုပေမယ့် ဒီ ၂၀၁၉ ထိတောင် NCA-S EAO ရဲ့ စတုတ္ထအကြိမ် ထိပ်သီးညီလာခံအထိ ပြင်ဆင်တာ မလုပ်ခဲ့တာကိုတွေ့ရတယ်။ အကြေအလည် ညှိနှိုင်းတိုင်ပင်ဖို့ စိတ်အားထက်သန်မှုမရှိကြ သလို ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တစ်ခုလုံးကို ခြုံပြီး မစဉ်းစားကြတော့ဘဲ ကိုယ့် NCA ထိုးထား တဲ့အဖွဲ့ဆိုတဲ့ အခြေခံမှာပဲ မွေ့လျော်နေကြတော့ NCA မထိုးထားရသေးတဲ့ အဖွဲ့တွေနဲ့ပါ ဆက်ဆံရေးက ကြာလေ ကြဲလေ ဖြစ်လာရတယ်။ ဒါ့အပြင် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ အကောင်အထည်ဖော်မှု ကို ပြန်လည်ပြင်ဆင်ဖို့နဲ့ တစ်ဘက်ကလည်း အစိုးရ၊ တပ်မတော်တို့ကိုလည်း အကောင်အထည်မဖော်နိုင်သေးတဲ့ NCA သဘောတူ ညီချက်တွေကို တိုက်တိုက်တွန်း တွန်းနဲ့ ညှိနှိုင်း နည်းလမ်းရှာဖို့ ပျက်ကွက်ခဲ့ကြတယ်။ ဒါကြောင့်ပဲ KNU က တွန်းတွန်းတိုက်တိုက်ထလုပ်ရတဲ့အခြေအနေကိုရောက်ရှိခဲ့ရတာပါ။

 

လက်တွေ့မှာ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးအကောင်အထည်ဖော်ဖို့ဆိုရာမှာ NCA လက်မှတ် ရေးထိုးထားတဲ့ အဖွဲ့၊ မထိုးထားသေးသောအဖွဲ့၊ NCA လမ်းကြောင်းအပြင်မှာ ရှိတဲ့အဖွဲ့ စသည်ဖြင့် မတူညီတဲ့ စုဖွဲ့မှုတွေရှိပေမယ့် ကျနော်တို့ကြားမှာ ဖက်ဒရယ် ကို ထူထောင်ဖို့ ရည်မှန်းချက်က တူကြတာဖြစ်ပါတယ်။ တစ်ဘက်မှာလည်း မတူညီတဲ့ လမ်းကြောင်းကနေ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ချဉ်းကပ်ရမှာ ဖြစ်တဲ့အတွက် အပြန်အလှန် ညှိနှိုင်းဆောင်ရွက်မှု၊ သတင်းအချက်အလက်မျှဝေမှှု၊ ဘုံရည်မှန်းချက်ချမှတ်မှု၊ စတာတွေမှာ ဘယ်လိုညှိနှိုင်းဆောင်ရွက်ကြပြီး မတူညီတဲ့အခြေခံမှာ ဘယ်လို မတူညီစွာပဲ အသိ အမှတ်ပြုကြကြမလဲ၊ ဘုံရည်မှန်းချက်ကိုချီတက်ကြမလဲဆိုတာကို သွားကြဖို့ ဖြစ်ပါတယ်။ ဒီလိုနည်းနဲ့သာလ ျှင် Divide and Conquer နဲ့ကြုံရရင် ကျနော်တို့ကျော်လွှားနိုင် မှာဖြစ်ပါတယ်။ ဒါကလည်း တိုင်းရင်းသားတွေအမြဲကြုံတွေ့ နေရတဲ့ စိန်ခေါ်မှုဖြစ်နေလို့ပါ။

 

မေး။ ။ PPCM စုဖွဲ့မှု အသစ်ဖြစ်ပေါ်လာခြင်းအားဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် ကောင်းမွန်တဲ့ အချက်တွေနဲ့ ပေါ်ပေါက်လာနိုင်မယ့် စိန်ခေါ်မှုများကို ပြောပြပေးပါ။

ဖြေ။ ။ PPCM ဖွဲ့စည်းခြင်းအားဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်က ပိုပြီး ပွင့်လင်းမြင်သာမှုရှိလာမယ်။ ငြိမ်းချမ်းရေးမှာ ပါဝင်ပတ်သက်သူ တွေအကြားပိုပြီး စိတ်ချယုံကြည်မှုတွေရ လာမယ်။ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အပေါ်မှာ လူထုယုံကြည်မှု ပိုရရှိလာမယ်။ နှစ်ဖက် သောတာဝန်ရှိသူတွေအကြားမှာ တာဝန်ယူမှု၊ တာဝန်ခံမှုတွေ ပိုသိလာမယ်။ အားလုံးဟာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ထဲမှာ ကိုယ်တိုင် ပိုင်ဆိုင်တဲ့ Process အဖြစ်ခံစားလာရမယ်။ လက်ရှိဖြစ်စဉ်က တောင်ပိုင်းလုပ်တာမြောက်ပိုင်းမသိ၊ ကွာဟမှု တွေရှိနေပြီး ပွင့်လင်း မြင်သာမှုမရှိခြင်းကြောင့် သံသယတွေပွားများပြီး ရှိစုမဲ့စု တည်ဆောက် ထားတဲ့ ယုံကြည်ခြင်းလေး မပွန်းပဲ့အောင်ကြိုးစားနေကြရတာလေ။

 

အဲဒါကြောင့် ဒီ PPCM Meeting Space ကနေ ညှိနှိုင်းဆွေးနွေးမှုအားဖြင့် အကျိုး စီးပွားခြင်း တူတဲ့ကိစ္စမှာ EAOs တွေအကြား ပူးပေါင်းဆောင်ရွက်မှုတွေဖြစ်လာမယ်။ သဘောထားကွဲတဲ့ ကိစ္စကို မတူကွဲပြားခြင်းကနေ ညီညွှတ်မှုတည်ဆောက်ခြင်း အခြေခံ နဲ့ ကျော်လွှားနိုင်မယ်။ ဘုံဆိုင်ရာကိစ္စတွေမှာ အားလုံးအတူတကွ ရပ်တည်ကြမယ်။ ဒီနည်းနဲ့ တိုင်းရင်းသားတွေရဲ့ ဘုံရည်မှန်းချက်ကို အကောင်အထည် ဖော်သွားဖို့ဖြစ်ပါတယ်။ ဒီနည်းနဲ့ပဲ အကောင်အထည် ဖော်နိုင်မှာလည်း ဖြစ်ပါတယ်။

 

စိန်ခေါ်မှုကတော့ ရှေးဟောင်း အတွေးအခေါ်နဲ့ အယူအဆရှိတဲ့ခေါင်းဆောင်တွေကို အချိန်ကလေး နည်းနည်းပိုပေးပြီး နားချဖို့လိုမယ်။ တဘက်မှာလည်း ကျနော်တို့က လုပ်စရာရှိတာလုပ်သွားမှာပါ။ ဘာဘဲဖြစ်ဖြစ်ပြောင်းလည်းမှုကိုမလိုလားဘဲ comfort zone ကနေမထွက် ချင်တာတစ်ခုနဲ့ပဲ အလုပ်မဖြစ်တာကို ဖက်တွယ်ချင် တဲ့လူတွေအတွက်တော့ တစ်မျိုးစဉ်းစားရမှာပေါ့။

 

မေး။ ။ PPCM စုဖွဲ့မှုအသစ်ပုံစံကို ဆွေးနွေးဘက်တွေက လက်မခံနိုင်လောက်ဘူး။ ဒီစုဖွဲ့မှုပုံစံကို သွားချပြရင် ငြိမ်းချမ်းရေးပျက်နိုင်တယ်ဆိုတဲ့ အမြင်တွေအပေါ် ဘယ်လို တုံ့ပြန် သုံးသပ် ပြချင်သလဲ။

ဖြေ။ ။ NCA ကိုတစ်ဖွဲ့ချင်းအခြေခံနဲ့ လက်မှတ်ရေးထိုးထားတာပါ။ PPCM က ညှိနှိုင်းဆွေးနွေးတဲ့ Meeting နေရာပဲဖြစ်တယ်။ NCA အကောင်အထည်ဖော်မှုမှာ ပါဝင်မယ့် JICM, UPDJC, JMC, တပ်ပိုင်းဆိုင်ရာဆွေးနွေးပွဲ စသည်ဖြင့် ရှိထားတဲ့ယန္တရားမှာ တစ်ဖွဲ့ချင်းကနေ ပေးပို့တဲ့ ကိုယ်စားပြုမှုတွေ ကနေအကောင်အထည်ဖော်သွားမှာပါ။ PPCM ကိုအစိုးရ သွားချပြစရာလည်းမလိုဘူးလေ။ ကိုယ့်အပိုင်းမှာ လက်မှတ်ထိုးခြင်း၊ မထိုးခြင်းဆိုတဲ့ စည်းမခြားဘဲ အတူတကွ ငြိမ်းချမ်းရေးအတွက် ညှိနှိုင်းတိုင်ပင်ဖို့ပဲ။ အစိုးရက လည်း အစည်းအဝေးတွေလုပ်ရင် ဖိတ်စာပို့ရာမှာ PPST အနေနဲ့လည်း တခါမှပို့တာမရှိပါဘူး၊ သက်ဆိုင်ရာအဖွဲ့အစည်းကိုပဲ လိပ်မူပြီးပို့တာပဲလေ။

 

ငြိမ်းချမ်းရေးပျက်နိုင်တာက နှစ်ဘက်သဘောတူတဲ့ NCA စာချုပ်ကို အကောင် အထည်မဖော်ခြင်း၊ ပစ်ပယ်ထားခြင်းကို တိုက်ရိုက်သော် လည်းကောင်း၊ သွယ်ဝိုက်၍သော် လည်းကောင်း ချိုးဖောက်ခြင်း စတာတွေပဲဖြစ်လိမ့်မယ်။ အဲကြောင့် ကျနော်တို့က NCA ကို အကောင်အထည်ဖော်ဖို့ကိုဘဲ အားစိုက်တယ်။ အကောင်အထည်ဖော်ဖို့ အားနည်းနေတဲ့ အချက်တွေ၊ အကောင်အထည်မဖော် ရသေးတာတွေကို ထောက်ပြတယ်။ ဖော်ကြပါလို့ လည်းတိုက်တွန်းတယ်၊ အဓိပ္ပါယ်ကွဲလွဲစွာဖွင့်ဆိုပြီး အကောင်အထည်ဖော်နေ တာတွေကို ဖော်ပြတယ်။ ညှိနှိုင်းဖို့တောင်းဆိုတယ်။

အဲကြောင့် PPCM ကြောင့် ငြိမ်းချမ်းရေးပျက်မယ်ဆိုတာကတော့ ညောင်ဦးကမ်းပါးပြိုတာနဲ့ စမ္ပာနဂိရ် နွားမပေါင်ကျိုး ဆိုတဲ့စကားပုံလိုဖြစ်နေပြီး။

 

မေး။ ။ အပစ်ရပ်လက်မှတ်ရေးထိုးထားတဲ့ EAO ကြားထဲမှာ PPCM နဲ့ပတ်သက်ပြီး သဘောထား ကွဲလွဲမှုရှိနေတာကို ဘယ်လို ဆက်လက်ညှိနှိုင်းသွားဖို့ရှိလဲ။

ဖြေ။ ။ ကျနော်တို့ ခုနောက်ဆုံးလုပ်တဲ့ ထိပ်သီးညီလာခံကနေ ခေတ္တရပ်ဆိုင်းလိုက်တဲ့ အဓိက အကြောင်း အရင်းထဲမှာ ဒီအချက်ကလည်း တစ်ချက်ပါဝင်တယ်။ အခု အလုပ်အဖွဲ့ဖွဲ့ထားတယ်။ အဲ့ဒီ အလုပ်အဖွဲ့ကနေ ဘယ်လို စုဖွဲ့သင့်လဲ ဆိုတာကိုဆွေးနွေးမယ်။ တစ်ဖက် မှာလည်း စိတ်ဝင်စားတဲ့အ ဖွဲ့အစည်းတွေကို ဖိတ်မယ်။ အဲ့ဒီအစည်းအဝေးကနေ အားလုံး ပါဝင်နိုင်တဲ့ အခြေခံတွေကို ချမယ်၊ ဆွေးနွေးမယ်။ ဘယ်သူမှ မချန်ထားတဲ့ အခြေခံမူပေါ့။ လာရောက်ပူးပေါင်းခြင်း၊ မပူးပေါင်းခြင်းကတော့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေရဲ့ ဆုံးဖြတ် ချက်ဖြစ်မယ်။ ကျနော်တို့ကတော့ ဒီ PPCM ကနေတဆင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ် ဘယ်လိုဆက်လက်ပြီး တူတဲ့အခြေခံအပေါ် အတူတကွ အကောင်အထည်ဖော်ခြင်းနဲ့ မတူညီတဲ့ အခြေခံအပေါ်မှာတော့ ဘယ်လိုမျိုးခွဲပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ထဲ ပါဝင်သွား မယ်ဆိုတဲ့ နည်းလမ်းနဲ့ သွားမှာဖြစ်ပါတယ်။

 

မေး။ ။ PPCM ကိုဖွဲ့စည်းသွားရင် NCA လက်မှတ်မထိုးထားရသေးတဲ့ EAO တွေပါဝင်ခွင့်ရမယ်ဆိုတာနဲ့ ပတ်သက်ပြီး အသေးစိတ်ပြောပြပေးပါလား။ NCA လမ်းပြမြေပုံနဲ့ PPCM ဆက်စပ်မှု ရှိနိုင်မလား။

ဖြေ။ ။ PPCM ကိုဖွဲ့စည်းတာနဲ့ NCA လက်မှတ်မထိုးထားရသေးတဲ့ EAO တွေပါဝင်ခွင့်ရမယ်ဆိုတာက နားလည်မှုလွဲတဲ့ကိစ္စပါ။ ကျွန်တော်စောစောတုံးက ရှင်းပြသွားသလိုဘဲ Meeting Space မှာ ထိုးခြင်း၊ မထိုးခြင်းဆိုတဲ့ စည်းမရှိဘဲ ညှိနှိုင်းနိုင်တဲ့ အခင်းအကျင်းကို ဖန်တီးတာပါ။ အဲဒီနည်းနဲ့ EAO အကြား ဘာစည်းမှမရှိတော့ဘဲ တိုင်ပင်နှီးနှောဖို့ဖြစ်ပြီး ဘုံရည်မှန်းချက်၊ ဘုံရပ်တည်ချက်ချမှတ်ဖို့ပဲ ဖြစ်ပါတယ်။ ဒါက EAO အကြားမှာရှိတဲ့ စုဖွဲ့မှုသာဖြစ်ပါတယ်။ NCA သဘောတူညီချက်တွေကို အကောင်အထည် ဖော်ဖို့ နေရာမှာ လက်မှတ်ထိုး ထားတဲ့အဖွဲ့တွေအချင်းချင်း ညှိနှိုင်းနိုင်သလို၊ လက်မှတ်မထိုးရတဲ့ အဖွဲ့တွေမှာလည်း ထိုးထားတဲ့ အဖွဲ့တွေကြုံရတဲ့ စိန်ခေါ်မှုမျိုးကို ဘယ်လိုဝိုင်းပြီး အကြံပေးနိုင်မလဲ၊ လက်မှတ်ထိုးတဲ့အဖွဲ့တွေကလည်း သူတို့စိန်ခေါ်မှု ၊ ပြဿနာဖြေရှင်းမှုဆိုင်ရာတွေကို အကြံပြုနိုင်ဘို့ဆိုတဲ့ အခြေအနေတွေရရှိဖို့ ဖြစ်ပါတယ်။ ဒါကြောင့် PPCM ဟာ EAO တွေအကြားမှာရှိတဲ့ တိုင်ပင်ဆွေးနွေးရမဲ့ နေရာသာဖြစ်ပါတယ်။

 

မေး။ ။ KNU အတွင်းထဲမှာ အားပြိုင်မှုတွေရှိနေပြီး သဘောထားကွဲလွဲနေကြတယ်လို့ သုံးသပ်တဲ့အပေါ် ဘယ်လို တုံ့ပြန်ချင်ပါသလဲ။ 

ဖြေ။ ။ KNU က ဒီမိုကရက်တစ်အဖွဲ့အစည်းဖြစ်တယ်။ ပွင့်ပွင့်လင်းလင်းပဲမတူညီမှုတွေ၊သဘော ထားကွဲလွဲမှုတွေ ကိုစားပွဲပေါ်ချပြီး အဖြေရှာတယ်။ အဖြေရရင် ရတဲ့အတိုင်း အားလုံး အတူတကွ သွားကြတယ်။ မူဝါဒပိုင်းကိုအာမခံကြတယ်၊ ဒါကကျနော်တို့ကျင့်သုံးတဲ့ ဒီမိုကရေစီဘဲ၊ ကိုယ်နဲ့ သဘောထား မတိုက်ဆိုင်လို့ သူ့သဘောသူပြောတာမရှိဘဲ ချလိုက်တဲ့ မူဝါဒအပေါ်အားလုံး တာဝန်ခံကြ ပါတယ်။

 

မေး။ ။ ဖြည့်စွက်ပြောချင်တာရှိပါသလား။

ဖြေ။ ။ KNU အနေနဲ့ NCA လမ်းကြောင်းကနေတစိုက် မတ်မတ် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အကောင်အထည် ဖော်နိုင်ရေး ကနေ အောင်မြင်တဲ့အထိ ကျိုးစားသွားမှာဖြစ်ပါတယ်။ အဲလို သွားရာမှာ တဘက်မှာ အကောင်အထည်ဖော်ရင်းကနေ NCA ချိုးဖောက်မှု၊ NCA လမ်း ကြောင်းတိမ်းစောင်းမှုတွေ ရှိရင်ရှိသလို ထောက်ပြ၊ ဖွင့်ချသွားမှာဖြစ်သလို၊ တိုင်းရင်းသား များအားလုံးလိုလားတဲ့ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်နိုင်ရေးကို ဘုံရည်မှန်းချက် အဖြစ်ထားရှိပြီး ဘဝတူတိုင်းရင်းသား တော်လှန်ရေး အဖွဲ့တွေ၊ လူထုလူတန်းစားတွေရဲ့ ပူး ပေါင်းဆောင်ရွက်မှုနဲ့အ ကောင်အထည်ဖော်သွားမှာ ဖြစ်ပါတယ်။