Notic

From the Karen National Political Dialogue to ward the Political Will of the Karen National.

From the Karen National Political Dialogue to establish a Federal Democratic Union.

From the Karen National Political Dialogue to ward the Political Will of the Karen National.


မံၤဒံၤယၤ

  •    29 NOV , 2019
  •   Admin
  •   News

Interview with P'doh Saw Tah Doh Moo (by KIC)

Interview with P'doh Saw Tah Doh Moo 

Credit: KIC

Original published at 

http://kicnews.org/2019/11/%e1%80%b1%e1%80%80%e1%80%a1%e1%80%b2%e1%80%94%e1%80%b9%e1%80%9a%e1%80%b0-%e1%80%a1%e1%80%b1%e1%80%91%e1%80%bc%e1%80%b1%e1%80%91%e1%80%bc-%e1%80%a1%e1%80%90%e1%80%bc%e1%80%84%e1%80%b9%e1%80%b8%e1%80%b1/

“ကေအဲန်ယူအနေနဲ့ ဒီတို်င်းပြည်မှာ ငြိမ်းချမ်းရေး၊ တရားမျှတမှုနဲ့ ဥပေဒ စိုးမိုးမှုကို လိုချင်တာပဲ”

မြန်မာနိုင်ငံကို အပြည်ပြည်ဆိုင်ရာ တရားရုံး(ICJ)က တရားစွဲဆိုမှု၊ အစိုးရက တရားရင်ဆိုင်ရန် ပြင်ဆင်နေမှု စသည့် အခြေအနေများအပေါ် ကေအဲန်ယူ-ကရင်အမျိုးသား အစည်းအရုံး၊ အထွေထွေ အတွင်းရေးမှူးချုပ် ပဒိုစောတာဒိုမူးနှင့် ကေအိုင်စီက တွေ့ဆုံမေးမြန်းထားသည်များကို ဖော်ပြလိုက်ပါသည်။

မေး- မြန်မာပြည်ကို ICJ မှာ တရားစွဲဆိုခံရတာနဲ့ပတ်သက်ပြီး ကေအဲန်ယူ ရဲ့ ရပ်တည်ချက် သဘောထား အမြင်ကို ပြောပြပေးပါ။

ဒီ ICJ ကိစ္စရပ်အပေါ်မှာ ပြောရမယ်ဆိုရင် ကျနော်တို့ သဘောထားက ဒီလိုရှိတယ်။ ပထမ အအချက်က ကေအဲန်ယူ အနေနဲ့ နှစ်ပေါင်း ၇၀ ကျော် တန်းတူရေးနဲ့ ဖက်ဒရယ်ပြည်ထောင်စုရဖို့ ကြိုးပမ်း ဆောင်ရွက်တဲ့ နေရာမှာ အပစ်ရပ် လက်မှတ်မရေးထိုးခင်ကတည်းက တော်လှန်တိုက်ခိုက်တာတွေရှိခဲ့တာဘဲ။ ဘယ်အချိန် ကာလပဲ ဖြစ်ဖြစ် စစ်မြေပြင်မှာလှုပ်ရှားဆောင်ရွက်နေတဲ့ ကျနော်တို့ စစ်သည်ရဲဘော်တွေနဲ့ ခေါင်းဆောင် တွေကို နိုင်ငံတကာ လူ့အခွင့်အရေး စံချိန်စံညွှန်းနဲ့ အညီ ရပ်တည်ဆောင်ရွက်ဖို့ အတတ်နိုင်ဆုံး ကျနော်တို့ အသိပညာပေးမှုတွေကို အမြဲတမ်းလုပ်ပေးခဲ့တယ်။

ဒါကြောင့် လက်ရှိဖြစ်ပေါ်နေတဲ့ ကိစ္စရပ်က မြန်မာအစိုးရရဲ့ တိုင်းပြည်တွင်း လူ့အခွင့်အရေး စံချိန်စံညွှန်းက နိုင်ငံတကာ လူသားချင်းစာနာမှု စံချိန်စံညွှန်း၊ ဥပဒေတွေနဲ့ ကိုက်ညီမှုမရှိလို့ဘဲ ဖြစ်တယ်။ ဒါကြောင့် ကျနော်တို့ မျှော်မှန်းချက်က ကေအဲန်ယူသာမက ကရင်လူထုတရပ်လုံးနဲ့ မြန်မာပြည်က ပြည်သူလူထုအားလုံး ဒီမိုကရေစီ အခွင့်အရေး၊ လူ့အခွင့်အရေး တန်းတူညီမျှမှု ရဖို့၊ ဖက်ဒရယ်ပြည်ထောင်စုကို တည်ထောင်ဖို့ ဆိုတာက ကျနော် တို့ အားလုံး အဖွဲ့အစည်းဖြစ်စေ၊ တစ်ဦးချင်းဖြစ်စေ ကမ္ဘာတဝှမ်းက သဘောတူ လက်ခံထားတဲ့ လူ့အခွင့်အရေး စံချိန်စံညွှန်းတွေနဲ့အညီ နားလည် လိုက်နာဆောင်ရွက်ဖို့က အရေးကြီးဆုံးပဲ။

ဒုတိယအနေနဲ့ မြန်မာနိုင်ငံဟာ Genocide Convention ကို လွန်ခဲ့တဲ့ ၁၉၄၈-၄၉ ခုနှစ်လောက်တုန်းက ဦးနု အစိုးရကနေ လက်မှတ်ရေး ထိုးခဲ့တာ ဖြစ်တယ်။ ကြည့်မယ်ဆိုရင် Genocide Convention ဆိုတာက လူ့အခွင့် အရေးကို အကာကွယ်ပြုရ သလို အရေးယူ ဆောင်ရွက်မှုလည်း ပြုလုပ်ရတာ ဖြစ်တယ်။ အစိုးရက ဒါကို လက်မှတ်ထိုး လိုက်ပြီး ဆိုတာနဲ့ လူမျိုးတုံးသတ်ဖြတ်မှုကို အကာအကွယ်ပြုဖို့ တာဝန်ရှိလာပြီး တကယ်လို့ ပြုခဲ့ သည်ရှိသော် အရေးယူ ဆောင်ရွက်မှု လုပ်ရမှာဖြစ်တယ်။ အခု အစိုးရအနေနဲ့ ICJမှာ တရားစွဲဆိုခံရတဲ့ အပေါ် အဖွဲ့ဝင် တိုင်းပြည် တစ်ခုအနေနဲ့ သွားပြီး ရင်ဆိုင်ဖြေရှင်းမဲ့အပေါ်မှာတော့ ကျနော်တို့ ကြိုဆိုတယ်။

တတိယအနေနဲ့ ပြောချင်တာက ငြိမ်းချမ်းရေး အစစ်အမှန်ကို ကျနော်တို့ တိုင်းပြည်မှာ တကယ်လိုချင်တာပဲ။ ငြိမ်းချမ်းရေး အစစ်အမှန်ဆိုတာက တိုင်းသူပြည်သားအားလုံး မည်သူမည်ဝါ မဟုတ်ဘဲ ကရင်ပဲ၊ ဗမာပဲ မဟုတ် ဘဲနဲ့ လူ့အခွင့်အရေး အစစ်အမှန်ရရှိဖို့ လိုတာကြောင့် ဒီတိုင်းပြည်အနေနဲ့ ပြဋ္ဌာန်းဥပဒေထဲမှာ လူ့အခွင့် အရေး အဆင့်အတန်း ဘယ်လောက်ရှိနေလဲဆိုတာနဲ့ နိုင်ငံတကာ အသိအမှတ်ပြု စံချိန်စံညွှန်းနဲ့ ဘယ်လောက် ကိုက် ညီမှု ရှိလဲဆိုတာ တိုင်းတဲ့နေရာမှာ ကာကွယ်ရေးနဲ့ ပတ်သက်တာတွေကို ပြန်ပြုပြင်ပေးဖို့လိုတယ်။

ဒါကြောင့် အခုကိစ္စရပ်အပေါ်မှာ ကျနော်တို့မြင်တာက အားလုံးသတိပြုမှာက ကျနော်တို့ လူ့အခွင့်အရေး စံချိန် စံညွှန်းက နိုင်ငံတကာ သဘောတူညီမှုနဲ့ ကိုက်ညီမှု မရှိတာကို ဝန်ခံရမှာဖြစ်တယ်။ အဖွဲ့ဝင် တိုင်းပြည်တစ်ခု အနေနဲ့ ပြန်လည် ပြုပြင်ပြောင်းလဲဖို့ လိုအပ်တယ်။ တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်နဲ့ အရေးယူ ဆောင်ရွက် မှုတွေ ရှိရမှာဖြစ်သလို Genocide convention ပြဋ္ဌာန်းချက်အတိုင်း လိုက်နာဆောင်ရွက်သွားဖို့ လိုတယ်။

မေး- အများပြည်သူ အမြင်မရှင်း ဖြစ်နေတဲ့ ကေအဲန်ယူရဲ့ သဘောထားရပ်တည်ချက်က အတိအလင်းမရှိ သေးတဲ့အပေါ် ကေအဲန်ယူက ဘယ်လိုပြောချင်လဲ။

နိုင်ငံရေး ကိစ္စရပ်ဆိုရင်တော့ ကျနော်တို့ တမျိုးပြောရမှာပေါ့။ အခုဟာ တရားစွဲဆိုမှု အချိန်ဖြစ်တယ်။ တိုင်း ပြည်ရဲ့ ဂုဏ်သိက္ခာအရ အစိုးရက တာဝန်ယူ၊ တာဝန်ခံရမှာ ဖြစ်တယ်။ အခု သူတို့သွားပြီး ရင်ဆိုင်ဖြေရှင်းမယ် ဆိုတာက ကောင်းတဲ့ အရာတခုဖြစ်တယ်။ ဒါပေမဲ့ Genocide Convention မှာ ပြောထားတာက အရေးယူ ဆောင်ရွက်မှုပါ လုပ်ဖို့ ဆိုထားတယ်။ ဒီကိစ္စက ဖြစ်လာမလား မဖြစ်လာဘူးဆိုတာကတော့ မပြောတတ်ဘူး။ အခုက တရားစွဲတဲ့ အဆင့်မှာပဲရှိသေးတယ်။ နိုင်ငံတကာအဆင့်မှာ ကြည့်မယ်ဆိုရင် ပညာတတ် အထူးသဖြင့် ရှေ့နေကောင်းတွေ ရှိတဲ့အတွက်ကြောင့် ဒီအမှုကို တရားစွဲတာဖြစ်ပြီး ဒီအပေါ်မှာ အစိုးရအနေနဲ့ ဒီအမှု ကျူး လွန် ဖန်တီးလုပ်ဆောင်တဲ့သူတွေကို အရေးယူဆောင် ရွက်သွားနိုင်ဖို့ ပြင်ဆင်ထားရမှာ ဖြစ်တယ်။

မေး- ပြီးခဲ့တဲ့အပတ်က ချင်းမိုင်မှာ ငြိမ်းချမ်းရေး ကော်မရှင်နဲ့တွေ့တဲ့အခါတုန်းကလည်း ဒီကိစ္စအပေါ် ဘာတွေ ပြောဆို ဆွေးနွေးဖြစ်ခဲ့ သေးလဲ။

ကျနော်တို့ ချင်းမိုင်မှာ တွေ့တုန်းကတော့ ဒီကိစ္စအပေါ် ပြောဆို ဆွေးနွေးတာမျိုးမရှိပါဘူး။ ဒါပေမဲ့ တခြား တိုင်း ရင်းသားတွေနဲ့တော့ ရှိကောင်းရှိမယ်။ မပြောတတ်ဘူး။ ကျနော်ကြားတာက EAO ၁ဝဖွဲ့နဲ့ တွေ့တုန်းကတော့ မေးမြန်းတာမျိုးလောက်ပဲရှိတယ်လို့ ပြောတယ်။ ကျနော်တို့ ပြောတာက ဒီ တရားစွဲဆိုမှုက ကျူးလွန်မှုမဖြစ် အောင် အကာအကွယ်ပြုပေးဖို့ ဖြစ်တယ်။ တကယ်လို့ ကျူးလွန်မှု ဖြစ်လာပြီးဆိုရင် ဖန်တီးလုပ်ဆောင်တဲ့သူကို အရေးယူ ဆောင်ရွက်ရမှာဘဲ။

ဒီကိစ္စအပေါ် အစိုးရ အနေနဲ့ ကြိုတင်စဉ်းစားထားရမှာပဲ။ အကောင်းဆုံးက မြောက်ပိုင်းနဲ့ ရခိုင်နယ်စပ်ဒေသ အပြင် တခြားဒေသတွေမှာဖြစ်စေ ဖန်တီးလုပ် ဆောင်နေမှုတွေကို ရပ်တန့် သင့်တယ်။ နောက်ပြီး အမှန်တရား ကို ချစ်မြတ်နိုးတယ်၊ စည်းလုံး ညီညွတ်မှုကို လိုလားတယ်၊ လူ့အခွင့်အရေးကို လေးစားတယ်၊ ဆိုတာ မျိုးကို ပြဖို့ အကောင်းဆုံးက Nationwide Ceasefire ကို ဆန္ဒရှိရှိ ကြေညာသွားဖို့လိုတယ်။ နောက်ပြီး လက်မှတ် ထိုးတဲ့သူဖြစ်စေ၊ မထိုးတဲ့ သူဖြစ်စေ အကုန်လုံးကို ဖိတ်ပြီး အစည်းအဝေးတစ်ခု ခေါ်ပြီး သူ့အမြင် ကိုယ့် အမြင်ကို ဆွေးနွေးပြီး အဖြေအတူတကွ ရှာဖို့ဆိုတဲ့ တိုင်းပြည်အပေါ်ထားတဲ့ နိုင်ငံရေး ဆန္ဒကိုဖော်ပြခြင်းဖြင့် တိုင်းပြည်ရဲ့ ပြုပြင်ပြောင်းလဲရေးအတွက် အကောင်းဆုံးနည်းလမ်းဖြစ်တယ်။ အဲ့လို ကျနော်တို့ မြင်ချင်တယ်။

မေး။ ။ အခု မြန်မာအစိုးရက ICJ မှာ တရားစွဲဆိုခံရမှုအတွက် ကရင်အပါအဝင် တိုင်းရင်းသားဒေသတွေမှာ အရင်က ဖြစ်ပွားခဲ့တဲ့ လူ့အခွင့်အရေးချိုးဖောက်ခံတာတွေနဲ့ ပတ်သက်ပြီးတော့ ယှက်နွယ်လာနိုင်မလား။

ဒါက ပြောရခက်တယ်။ တစ်ခုပြောလို့ရတာက ရခိုင်ပြည်နယ်မှာရှိတဲ့ သူတွေ ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေး တိမ်းရှောင်နေရတာကို ကြုံတွေ့နေရတာက ကျနော်တို့ ဖြတ်လေးဖြတ် ခေတ်ကာလတုန်းကလို စစ်တပ်ရဲ့ စစ် ဆင်ရေး ကြီးတွေ ဝင်လာတုန်းက ကြုံတွေ့နေရတာနဲ့ အတူတူပါပဲ။ ထိုင်း-မြန်မာ နယ်စပ် ဒုက္ခသည်စခန်းတွေ အများကြီးပေါ်ပေါက်လာတာက သက်သေ သာဓကပါပဲ။ ပြောရမယ်ဆိုရင် ကရင်တွေ တခြားတိုင်းရင်းသား တွေ ကြုံတွေ့ခဲ့ရပုံနဲ့ အခု ရခိုင်ကလူတွေ တွေ့ကြုံရတာက အတူတူပါပဲ။ ဒါပေမဲ့ ဒီကိစ္စရပ် အပေါ် ပြန်ကြည့်မယ်ဆိုရင် ဒီရိုဟင်ဂျာအတွက် OIC နိုင်ငံကိုယ်စားပြု တိုင်းပြည်က တရားစွဲတာဖြစ်တဲ့အတွက် ၂၀၁၁-၁၂ ခုနှစ် ကတည်းက Case ကို စယူဖြစ်တာ။

ဆိုတော့ ကျနော်တို့ရဲ့ နှစ် ၇၀ အတွင်းက ကိစ္စရပ်တွေနဲ့ ယှက်နွယ်မယ်ဆိုရင် ကျနော်ထင်တာ ခက်ခဲလိမ့်မယ်။ ဒါပေမဲ့ ကျနော်တို့ အမှန်တရားကို လိုချင်တယ်။ တန်းတူညီမျှမှုနဲ့ တရားဥပဒေ စိုးမိုးမှုက တိုင်းပြည်မှာ တကယ် လိုအပ် တယ်ဆိုတာကို အမြဲတမ်း ဖော်ပြခဲ့တယ်။ ဒါကြောင့် နည်းလမ်းတခုအနေနဲ့ အတူတူရပ်တည်တော့ ရပ် တည်သင့်ပေမဲ့ အဓိက နည်းလမ်းရှာရတာက တိုင်းပြည်အတွင်း ငြိမ်းချမ်းရေး ပေါ်ပေါက်လာစေဖို့ဘဲ။

တဖက်က ကြည့်မယ်ဆိုရင် ICJ တရားစွဲဆိုမှုက သတိပေးမှုကြီးတခုအနေနဲ့ မြန်မာပြည်အနေနဲ့ ဟေးမင်းတို့ တိုင်းပြည်ရဲ့ ပြဋ္ဌာန်း ဥပဒေထဲမှာ လူ့အခွင့်အရေး အဆင့်အတန်း စံချိန်စံညွှန်းတွေ ပြန်ပြီး ဆန်းစစ်လေ့လာ သင့်ပြီးလို့ ပြောလိုက်သလိုပါပဲ။ ဒါကြောင့် အစိုးရအနေနဲ့ အခွင့်အရေးတခုလို သဘောထားပြီး ဒီကိစ္စရပ် အပေါ်အခြေခံပြီး ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြုပြင်ပြောင်းလဲရေးကို မားမားမတ်မတ် ရပ်တည်သွားဖို့ နဲ့ ဖွဲ့စည်းပုံ ဥပဒေကြောင့် ဖြစ်ပေါ်လာတဲ့ ဥပဒေ ပြဋ္ဌာန်းချက်တွေကို ပြန်ဆန်းစစ်ပြီး နိုင်ငံတကာ ဥပဒေတွေနဲ့ ကိုက်ညီ အောင် ပြန်လည်ပြုပြင် ပြောင်းလဲဖို့ လိုတယ်။

မေး- ဒီ တရားစွဲဆိုမှုအပေါ် နိုင်ငံတကာရောက်ကရင် အသိုင်းအဝိုင်းက လာမဲ့ ဒီဇင်ဘာ ၁၁ရက်နေ့မှာ သွားပြီး ထောက်ခံ ဆန္ဒပြဖို့ရှိတယ်။ ဒီအပေါ်မှာကော ဘယ်လို သတင်းစကား ပြောကြားချင်သလဲ။

ကျနော်တို့ ကရင်တွေ အမှန်တရားနဲ့ တရားဥပဒေ စိုးမိုးမှုကို လိုချင်တယ်ဆိုတာကို ဖော်ထုတ်ပြဖို့ဆိုတာက သူတို့ရဲ့ အမြင်နဲ့ သဘောထားအရတော့ ဒါက ဖြစ်သင့်တာပေါ့။ ကေအဲန်ယူအနေနဲ့ ရပ်တည်တာကတော့ ခုနက ပြောခဲ့သလိုပဲ ဒီတို်င်းပြည်မှာ ငြိမ်းချမ်းရေး၊ တရားမျှတမှု နဲ့ ဥပေဒ စိုးမိုးမှုကို လိုချင်ကြတာပဲ။ ဒါကြောင့် အစိုးရအနေနဲ့ ပြည်ပနိုင်ငံ အထူးသဖြင့် ICJ ဖြစ်စေ တခြားသော အဖွဲ့အစည်းတွေကဖြစ်စေ တရားစွဲဆိုမှုလုပ် ဆောင်တဲ့အပေါ်မှာတော့ သူတို့အနေနဲ့ သတိချပ်ပြီး ၂၀၀၈ ဖွဲ့စည်းပုံနဲ့ သူနဲ့ လိုက်ပါဖြစ်ပေါ်လာတဲ့ ဥပဒေ တွေကို ပြန်ပြုပြင်ပြောင်းလဲဖို့ ကျနော်တို့ မျှော်လင့်မိပါတယ်။

မေး- ဘာဖြည့်စွက်ပြောချင်သေးလဲ။

အခု အစိုးရသွားမယ်လို့ ကြားတယ်။ ဒီ ICJ သွားရင်ဆိုင်ဖြေရှင်းမဲ့အပေါ်မှာတော့ ကြိုဆိုတယ်။ ဘာဖြစ်လဲ ဆိုတော့ ကြည့်မယ်ဆိုရင် ဒီတရားစွဲဆိုမှုက တစ်ခုထဲမကဘူး။ ICC လည်းရှိသလို အာဂျင်တီးနား မှာလည်း တရားစွဲဆိုမှုက ရှိသေးတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သူတို့ သဘောတူလက်ခံပြီး သွားရင်ဆိုင်ဖြေရှင်းမယ့်အပေါ် မှာတော့ အစိုးရရဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုကို မြင်ရတယ်။ ဒါပေမဲ့ တဆက်ထဲ ပြစ်မှုကျူးလွန်တဲ့ သူတွေအပေါ် အရေးယူမှုကို တာဝန်ဖို့လည်း လိုတယ်။ ဒါမှလည်း တရား ဥပဒေ စိုးမိုးမှုတိုင်းပြည်မှာ ဖြစ်ထွန်းမယ်။