Notic

From the Karen National Political Dialogue to ward the Political Will of the Karen National.

From the Karen National Political Dialogue to establish a Federal Democratic Union.

From the Karen National Political Dialogue to ward the Political Will of the Karen National.


မံၤဒံၤယၤ

  •    23 AUG , 2019
  •   Admin
  •   News

တၢ်ထံၣ်လိၥ်သံကွၢ်ဒီး ခ့ၣ်အဲၣ်ယူၣ်-ကညီဒီကလုၥ်စၢဖှိၣ်ကရၢ နဲၣ်ရွဲၣ်ခိၣ်ကျၢၢ် ပဒိၣ်စီၤတၢ်ဒိၣ်မူ (Burmese version)

သြဂုတ်လ (၂၀) ရက်၊ ၂၀၁၉ ခုနှစ်မှာတော့ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး နဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးဗဟိုဌာနတို့ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ အလွတ်သဘော တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။ အဲ့ဒီ အလွတ်သဘောတွေ့ဆုံပွဲမှာ ဘာတွေဆွေးနွေး ခဲ့ကြလဲဆိုတာကို KNU အထွေထွေ အတွင်း ရေးမှူးချုပ် ပဒိုစောတာဒိုမူးက အခုလို ဖြေကြားထားပါတယ်။

 

မေး။ ။ NRPC နဲ့ အလွတ်သဘောတွေ့ဆုံပွဲမှာ ဘာအကြောင်းအရာတွေကို ဆွေးနွေး ခဲ့ကြပြီး အခုတွေ့ဆုံမှု ကရော ဘယ်နှကြိမ်မြောက်လဲ။

 

ဖြေ။ ။ (၇) ကြိမ်မြောက်ပါ။ ကျွန်တော်တို့ ဧပြီလ (၁၁) ရက်က ပေးထားတဲ့ အဆင့် (၄) ဆင့်ပါ အဆိုပြု လွှာနဲ့ပတ်သက်ပြီး ရှေ့ဆက်သွားဖို့အတွက် လုပ်ငန်းစဉ်နဲ့ စဉ်းစားမှု အခြေခံ concept ကို ရှင်းပြခဲ့တယ်။

ကျွန်တော်တို့ ပေးထားတဲ့ အဆိုပြုလွှာအပေါ် သူတို့က ဇွန်လတုန်းက တန်ပြန် အဆိုပြုလွှာကို ပြန်ပေးခဲ့ပါတယ်။ ဒီအလွတ်သဘောဆွေးနွေးပွဲကတော့ ကျွန်တော်တို့ အဆိုပြုလွှာအပေါ် အခြေခံစဉ်းစားမှုအပိုင်းကို ပိုပြီး အသေးစိပ် ရှင်းလင်းနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ကြား ကွာဟချက် ဘယ်လောက်ရှိလဲ၊ ဘယ်လို ညှိနှိုင်း သင့်လဲ ဆိုတဲ့ အဆိုပြုမှုနဲ့ စဉ်းစားမှုကို ရှင်းပြခဲ့ပါတယ်။ ကျွန်တော်တို့ပေးတဲ့ အဆိုပြုလွှာနဲ့ သူတို့ပြန်ပို့တဲ့ တန်ပြန် အဆိုပြုချက်အကြား နှိုင်းယှဉ်ချက်ကိုလည်း ချပြနိုင်ခဲ့ပါတယ်။ နောက်တစ်ချက်ကတော့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အပေါ် ယုံကြည်မှုတည်ဆောက်ရေးနဲ့ ပတ်သက်ပြီး အစိုးရ၊ တပ်မတော်၊ လွှတ်တော်တို့ရဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုနဲ့ ပတ်သက်တာတွေကို လက်တွေ့ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေကိုအခြေခံပြီး ဆွေးနွေး ခဲ့ပါတယ်။ ဥပမာ - ကရင့်အာဇာနည်နေ့မှာ အချို့ဒေသတွေမှာ တားဆီးမှုတွေ ကြုံရတဲ့ ကိစ္စဟာ NCA နဲ့ ဘယ်လို ရပ်တည်သင့်လဲဆိုတာကို ထောက်ပြတာတို့၊ ကျောက်ကြီး-မူသယ်ကားလမ်းနဲ့ ပတ် သက်ပြီး တပ်စခန်းတိုးချဲ့လာတဲ့ကိစ္စတွေပေါ့။

 

မေး။ ။ ကေအဲန်ယူဘက်ကတင်သွင်းထားတဲ့ အဆိုပြုလွှာနဲ့ အစိုးရဘက်က ပြန်ပေးထား တဲ့ အဆိုပြုလွှာ တွေမှာ ပါတဲ့ အကြောင်းအရာတွေကို ပြောပြပေးနိုင်မလား။

 

ဖြေ။ ။ကျွန်တော်တို့ ပေးထားတဲ့အဆိုပြုလွှာရဲ့ စဉ်းစားမှုအခြေခံ ကနေပြန်ပြီးပေး တယ်လို့ အစိုးရဘက်ကတော့ ပြောပါတယ်။ ယှဉ်ကြည့်ရင်တော့ တချို့နေရာမှာ စဉ်းစား မှုက ပြန်ညှိဖို့ လိုအပ်ပါတယ်။ နီးစပ်မှုတော့ ရှိတယ်လို့ ပြောလို့ရပါတယ်။ သူတို့အဆိုပြု လွှာက ယေဘုယျဆန်တယ်။

ကျွန်တော်တို့ ပြန်ပြီးရှင်းပြတဲ့ အဆိုပြုလွှာကကျတော့ ဒီနေ့သွားနေတဲ့ ငြိမ်း ချမ်းရေး လုပ်ငန်းစဉ်ကို အခြေခံ (၄) ချက်ကနေ သုံးသပ်ထားပြီး ဘယ်လိုလက်တွေ့ကျတဲ့ အဆင့် တွေနဲ့ အပစ်အခတ်ရပ်စဲရေးခိုင်မာမှု၊ နိုင်ငံရေးဆွေးနွေးပွဲ နဲ့ လုံခြုံရေးဆိုင်ရာ ဆွေးနွေးပွဲ တွေကို တပြိုင်တည်းသွားသင့်ကြောင်း၊ အဲ့ဒီကနေ တဆင့် ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးကို ဦးတည်တဲ့အဖြေတွေကို ရယူဖို့ဖြစ်ကြောင်းကို ထည့်သွင်း ရှင်းပြခဲ့ ပါတယ်။

ကျွန်တော်တို့ အဆိုပြုလွှာရဲ့အဆင့် (၄) ဆင့်မှာဆိုရင် ပထမအဆင့်က အပစ်အခတ် ရပ်စဲရေးကို ခိုင်မာ အောင် ပြုလုပ်ခြင်းဆိုင်ရာမှာ နှစ်ဖက်တွေ့ဆုံပြီး လုပ်ငန်းစဉ် ရေးဆွဲခြင်း၊ အချိန်ဇယားချမှတ်ခြင်း စတာတို့ ဖြစ်မှာ ဖြစ်ပါတယ်။ ဥပမာ - NCA အခန်း (၃) ဆိုရင် လက်မှတ်ရေးထိုးပြီး (၁၄) ရက်အတွင်း နှစ်ဖက် တာဝန်ရှိ ခေါင်းဆောင်တွေ တွေ့ရမယ်လို့ သဘောတူထားကြပေမယ့် အခုဆို NCA က လက်မှတ်ရေးထိုး ထားတာ (၄) နှစ်ပြည့်တော့မယ်။ ခုထိ အဲ့ဒီအစည်းအဝေး မကျင်းပနိုင်သေးပါဘူး။

ထင်သာမြင်သာ ဥပမာပြောရမယ်ဆိုရင် အခန်း (၃) ဆွေးနွေးပွဲရဲ့ အဖြေက မထွက် သေးဘဲ အခန်း (၄) ရဲ့ အပစ်အခတ် ရပ်စဲရေးစောင့်ကြည့်မှုလုပ်ငန်းစဉ်က ဘာကို စောင့်ကြည့်ရမှန်းမသိဖြစ်နေတာက လက်ရှိ JMC ရဲ့အခက်အခဲပါ။ ဒါကြောင့် လက်ရှိ JMC က Function မဖြစ်ဘူး ဖြစ်နေတာပေါ့။ အခန်း (၆) ဆို အကြောင်းအမျိုးမျိုးကြောင့် အခုထိမဆွေးနွေးနိုင်သေးပါဘူး၊ ကြားကာလ ခေါင်းစဉ်အောက်မှာပေါ့။ ဒီလိုမျိုး ဆက်လက် ဆွေနွေးရမဲ့ကိစ္စ၊ မဆွေးနွေးရသေးတဲ့ကိစ္စတွေကို ပြန်လည်ကတိကဝတ်ပြုပြီး ဆက်လက် အကောင်အထည်ဖော်ဖို့ဆွေးနွေးရေးလုပ်ငန်းစဉ်ကိုညှိနှိုင်းမှာဖြစ်ပါတယ်။

ဒါတွေအပြင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ် တာဝန်ယူမှု၊ တာဝန်ခံမှုပိုင်း ဆိုင်ရာ ကိုထည့်သွင်းထားပါတယ်။ ဥပမာ - ပဲခူးတိုင်းဒေသကြီး မှာ ဖောက်လုပ်တဲ့ ကျောက်ကြီး ကနေ မူသယ်ကိုသွားတဲ့လမ်းက လွှတ်တော် ကနေ ဘတ်ဂျက်ချထားတာ ဖြစ်ပါတယ်။ အဲတော့ အပစ်အခတ်ရပ်စဲရေးဒေသမှာ ဖွံ့ဖြိုးရေးလုပ်ရင် NCA အရ နှစ်ဖက်ညှိနှိုင်း ဆောင်ရွက်ရမှာဖြစ်ပါတယ်။ ဒါပေမယ့် အဲဒါတွေက နိုင်ငံတော်စီမံကိန်းအနေနဲ့ ပါလာ တော့ မေးခွန်းဖြစ်လာတာပေါ့။ လွှတ်တော်ကချလိုက်တဲ့ ဖွံ့ဖြိုးရေးစီမံကိန်းတခုအတွက် ဆုံးဖြတ်ချက်မချခင် ဒီဖွံ့ဖြိုးရေးစီမံကိန်းဟာ အပစ်အခတ်ရပ်စဲရေးဒေသတွေမှာ လုပ်မယ်ဆိုရင် ဘယ်လို လမ်းညွှန်မှုတွေ အောက်မှာ ခွင့်ပြုချက်တွေ ပေးသလဲ ဆိုတဲ့ မေးခွန်းပေါ့။

 

ဒေသဖွံ့ဖြိုးရေး နာမည်အောက်မှာ ဖွံ့ဖြိုးစေလိုတဲ့စေတနာကိုလက်ခံတယ်။ သို့ပေမယ့် ဆန့်ကျင်ဘက် အကျိုး သက်ရောက်မှုက ညှိနှိုင်းတိုင်ပင်မှုမရှိတော့ အောက်ခြေမှာ ထိတွေ့မှုတွေဖြစ်လာတယ်။ အဲဒီအပေါ် တပ်မတော်ဘက်ကလည်း တပ်စခန်းတိုးချဲ့၊ အင်အားတိုးချဲ့လာတယ်။ လွန်ခဲ့တဲ့လအတွင်းမှာဘဲ တပ်စခန်း အသစ် ၅ ခုတိုးချဲ့လာ တာကို တွေ့ရတယ်။

 

ဒါဟာ စေတနာမှန်ဆိုပေမယ့်လည်း NCA နဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ်မှာ လွှတ် တော်ဘက်က ဘာ Guideline မှ မရှိဘူးဆိုတာပြပါတယ်။ တစ်နည်းပြောရရင် အစိုးရ၊ လွှတ်တော် နဲ့ တပ်မတော်တို့က NCA အပေါ် တာဝန်ခံမှု၊ တာဝန်ယူမှုပိုင်းဆိုင်ရာမှာ အားနည်းနေတာကို ပြတာဖြစ်တယ်။ ဥပမာ-၂၀၁၈ မြေလွတ်၊ မြေလပ်၊ မြေရိုင်း များစီမံခန့်ခွဲရေး ဥပဒေ ဆိုလဲဒီသဘောပါပဲ။ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံတတိယအစည်းအဝေး၊ မြေယာကဏ္ဍဆွေးနွေးပွဲက ရရှိတဲ့ အခြေခံကနေ ဆန့်ကျင်နေတာ တွေ့ရ တယ်။ ဒီလိုကိစ္စတွေကို အလွတ်သဘောဆွေးနွေးပွဲမှာ ကျွန်တော် တို့ဆွေးနွေး တင်ပြနိုင်ခဲ့ပါတယ်။

 

မေး။ ။ အဆိုပြုလွှာ (၂) ခုကြားမှာ ကွာဟချက်တွေက ဘာတွေဖြစ်မလဲ။ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အတွက် အထောက်အကူဖြစ်မယ့် ဆွေးနွေးညှိနှိုင်းမှု ရလဒ်ရရှိခဲ့လား။ ရရှိ တယ် ဆို ဘာတွေလဲ။ အလှမ်းဝေး နေသေးတယ်ဆိုရင်ရော ဘာတွေလဲ။

 

ဖြေ။ ။ ခုနက ပြောခဲ့သလိုပဲ နီးစပ်မှုရှိတယ်လို့ပြောရမှာဖြစ်ပါတယ်။ ဒါပေမယ့် သူတို့ အဆိုပြုလွှာက ယေဘုယျဆန်ပြီး ကျွန်တော်တို့ အဆိုပြုလွှာမှာတော့ Process ကိုပါထည့် ထားတယ်၊ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စု ကို သွားဖို့ လမ်းကြောင်းကို ပိုပြီး ရှင်းရှင်း လင်းလင်းမြင်အောင် ဖော်ပြထားပါတယ်။

ထပ်ဖြည့်ပြောရမယ်ဆိုရင် ကျွန်တော်တို့အဆိုပြုလွှာရဲ့ ဘုံရည်မှန်းချက်ကတော့ ၂၀၂၀ မတိုင်မီဘာတွေရသင့်သလဲ၊ အဲဒါတွေကတော့ အဆင့် (၁) ကို ဆွေးနွေးပြီး ရှင်းလင်းတဲ့ အပစ်ရပ်ခိုင်မာရေးဆိုင်ရာ လုပ်ငန်းစဉ်တွေ ထွက်လာအောင် ကြိုးစားမယ်။ ပြန်ပြီး ကတိကဝတ်ပြုဖို့လိုတယ်။

နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ တိုးတက်မှုပြမှတ်တိုင်တွေပါတဲ့ အဆင့် ၂၊ ၃၊ ၄ ကို စုပေါင်းပြီး Frame တခု ရအောင် ဆွေးနွေးမယ်။ အဲဒီ Frame နဲ့ ခုနကပြောခဲ့တဲ့ အပစ်ရပ် ခိုင်မာရေးဆိုင်ရာ လုပ်ငန်းစဉ်တွေ ဆိုင်ရာ ကတိကဝတ်တွေ စုပြီး သဘောတူညီမှုတခု ထပ်လုပ်မယ်။ အဲဒီသဘောတူညီမှုကို UPC တင်မယ်။ လွှတ်တော်တင်မယ်။ ဒီလိုနည်းနဲ့ ၂၀၂၀ အလွန်မှာ ဘယ်အစိုးရတက်တက် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်က ဆက်သွား နေမှာဖြစ်ပါတယ်။

အထူူးသဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်က ၂၀၂၀ အလွန်မှ ဆက်သွားရမယ်။ ဆက်သွား ရင် အဆင့် ၄ ဆင့် ကို ဆက်ပြီး ဆွေးနွေးမယ်။ အကောင်အထည်ဖော်မယ်၊ အဲဒီအဆင့် ၄ ဆင့်ဆိုင်ရာ အသေးစိတ်ကို ၂၀၂၀ အလွန်မှာ ဆွေးမယ်ဆိုပေမယ့် Frame ကိုတော့ သ ဘောတူညီထားဖို့လိုတယ်။ NCA အရ ဒီမိုကရေစီနဲ့ ဖက်ဒရယ်ကို ထူထောင်ဘို့ သဘောတူထားပြီး ဖြစ်တဲ့အတွက် ဘယ်လို ဒီမိုကရေစီနဲ့ဖက်ဒရယ် ရဲ့ အင်္ဂါရပ် များ၊ အကြောင်းအရာများကို ဆွေးနွေးပြီး ထူထောင်မလဲဆိုတာကို ဆွေးနွေးရမှာဖြစ်ပါတယ်၊ အဲဒီက ရတဲ့ ရလဒ်ကနေ အကောင်အထည်ဖော်ပြီး ဖက်ဒရယ်ကို ထူထောင်မှာ ဖြစ်ပါတယ်။

 

မေး။ ။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ရဲ့ တရားဝင်လမ်းကြောင်းပေါ်ကို ပြန်သွားဖို့အတွက် ဘာတွေက အဟန့် အတားရှိနေသေးတာလဲ။ မရှိဘူးဆိုရင် ဘယ်တော့ ပြန်သွားမလဲ။

 

ဖြေ။ ။ အဲ့ဒါက ၂ ပိုင်းပေါ့။ အပစ်ရပ်မှာလည်း ရှေ့ဆက်ဆွေနွေးရမယ့် ဆွေးနွေးပွဲတွေ မဆက် နိုင်ဘူး။ JMC မှာ လည်း အခြေခံချဉ်းကပ်မှုမတူကြဘူး၊ JMC မှာဆိုရင် တပ်မတော်ဘက်က စစ်ရေး ကော်မတီ ကဲ့သို့ Military Joint Committee သဘောမျိုးခံယူတဲ့ သဘောတွေ့ရပေမယ့် EAOs တွေက JMC ဆိုတာ အပစ်ရပ်ကိုစောင့်ကြည့်ဖို့ပဲဖြစ်တယ် ဆိုတဲ့မတူညီတဲ့အခြေခံကိုပြန်ညှိဘို့လိုပါတယ်။ အဲဒီ မတူညီတဲ့ အခြေခံ ကနေ နောက်ဆုံး JMC က Function မဖြစ်တော့တဲ့သဘောဖြစ်သွားတာပါ။

နိုင်ငံရေး ဆွေးနွေးပွဲတွေမှာတော့ Framework ရဲ့ အားနည်းချက်ကြောင့်ပဲဖြစ်ပါတယ်။ Framework မှာ နိုင်ငံရေးဆွေးနွေးတွေကို ဘယ်လိုစီမံခန့်ခွဲမလဲ၊ ဆုံးဖြတ်ချက် ဘယ်လိုချ မလဲ၊ ဘယ်သူတွေပါမလဲ စသဖြင့် ပါပြီး ဒီမိုကရေစီဖက်ဒရယ်နိုင်ငံကိုထူထောင်ဖို့ ဘယ်အချက်တွေ ဆွေးနွေးဖို့ သဘောတူထားတာ မပါဘူး ဖြစ်နေတယ်။ ဒါကြောင့်ဘဲ တတိယအကြိမ်မြောက် (၂၁) ရာစုပင်လုံ ညီလာခံမှာ နိုင်ငံရေးကဏ္ဍက ဖက်ဒရယ် တည်ဆောက်မှုအချက်တွေကို မဆွေးနွေးနိုင်ခဲ့တာဖြစ်ပါတယ်။ ဒီလစ်ဟာနေတဲ့ ဒီမိုကရေစီ ဖက်ဒရယ်နိုင်ငံကို ထူထောင်ဖို့အချက်တွေကို အဆင့် ၂၊၃၊၄ အနေနဲ့ ကျွန်တော်တို့ အစိုးရနှင့် ညှိနှိုင်း နေပါတယ်။ တိုးတက်မှုတွေ၊ နီးစပ်မှုတွေရှိပါတယ်။ ဒီကနေ လက်ရှိ Framework ကို အဲဒီ အဆင့် ၂၊၃၊၄ ကို အခြေခံတဲ့ အချက်တွေထည့်ပြီး မူဘောင်ပြန်ရေးဆွဲတဲ့လုပ်ငန်းစဉ်ကို အစိုးရနှင့်ညှိနေပါတယ်။

နောက်ပိုင်း အဆင့် ၂၊ ၃၊ ၄ ကတော့ ဖက်ဒရယ်ပြည်ထောင်စု ကိုဘယ်လိုထူထောင် မလဲ ဆိုတဲ့ တဆင့်စီ တိုးတက်အောင်မြင်အောင်လုပ်မဲ့လုပ်ငန်းစဉ်ကိုဖော်ပြတာဖြစ်ပါတယ်။ အလွယ်ကူဆုံး၊ သဘောတူညီချက်ရဖို့ အလွယ်ဆုံးလို့ယူဆရတဲ့ ဖက်ဒရယ်အင်္ဂါရပ်နဲ့ အကြောင်းအရာတွေကို အဲဒီ အဆင့် ၂ မှာထည့်ထားပြီး နည်းနည်းခက်ခဲ မယ်ထင်တာ တွေကိုထားတယ်။နောက်ဆုံးအဆင့်ကတော့ ဒီမိုကရေစီဖက်ဒရယ်ထူထောင်မှုမှာ အခက် ခဲ ဆုံး အင်္ဂါရပ်နဲ့ အကြောင်းအရာတွေကို ဖော်ပြပြီး ဆွေးနွေးဖို့ဖြစ်ပါတယ်။

ကျွန်တော်တို့ရဲ့အလွတ်သဘောတွေ့ဆုံမှုတွေကလည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ရဲ့ အရေး ပါ တဲ့အစိတ်အပိုင်း ဖြစ်တယ်ဆိုတာ မမေ့ပါနဲ့၊ ဒါတွေ သေချာမှ တရားဝင် အစည်းအဝေး တွေမှာ လျှောလျှောရှူရှူ ဖြစ်စေမှာ ဖြစ်ပါတယ်။

 

မေး။ ။ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးရဖို့ ညှိနှိုင်းနေစဉ်ကာလမှာ အစိုးရဘက်က ကရင့်အာဇာနည်နေ့ ဆိုတဲ့ အသုံးအနှုံးကို မသုံးဖို့နဲ့ ကျင်းပဖို့ ခွင့်မပြုတဲ့အပေါ်မှာရော ကေအဲန်ယူအနေနဲ့ ဘာပြောချင်လဲ။ ဂုဏ်ပြုကျင်းပခဲ့တဲ့ ကရင်တက်ကြွ လှုပ်ရှားသူတွေ အပေါ်မှာ တရားစွဲဆိုထားတဲ့ ကိစ္စနဲ့ ပတ်သက်လို့ရော ဘာတွေ ဆွေးနွေးခဲ့တာရှိလဲ။

 

ဖြေ။ ။ NCA အကောင်အထည်ဖော်မှုမှာ သက်ဆိုင်သူအားလုံးတာဝန်ယူ၊ တာဝန်ခံရမှာ ဖြစ်ပါတယ်။ NCA အခန်း (၁) ပုဒ်မ ၁(စ)မှာ ပါသလိုပေါ့၊ တိုင်းရင်းသားတွေရဲ့ နောက်ခံ သမိုင်း၊ ရိုးရာယဉ်ကျေးမှု စသည် ဖြင့် မတူကွြဲပားမှုကို လက်ခံအသိအမှတ်ပြုပြီး လူမျိုးပေါင်းစုံ၊ ဘာသာစကားပေါင်းစုံ တို့ဖြင့် ပြည်ထောင်စုလက္ခဏာ တစ်ရပ်ကို ဖော်ဆောင်ရန် ဆိုတာပါတယ်လေ။ အခြားနေရာမှာလည်း (၃) နေရာလောက် ဒီလို မတူကွဲပြားမှုအပေါ် တာဝန်ယူမှု၊တာဝန်ခံမှုရှိဖို့ပေါ့။

အခုလိုအချိန်မှာ ဒီလိုမျိုးဖြစ်သွားရတာကတော့ စိတ်မကောင်းစရာပါပဲ။ ဒါပေမယ့် ဒီကိစ္စက အစိုးရက မူဝါဒ တစ်ခုအနေနဲ့ လုပ်မယ်လို့တော့မထင်ပါဘူး၊ အဲဒီကိစ္စကို ကျွန်တော်တို့ အလွတ်သဘော ဆွေးနွေးပွဲ မှာလည်း ထည့်သွင်းဆွေးနွေးခဲ့ပါတယ်။ သူတို့လည်း အရေးတယူ လက်ခံပြီး ပြန်တင်ပြ သွားမယ်လို့ ပြောပါတယ်။

ကရင်တက်ကြွလှုပ်ရှားသူတွေအတွက်တော့ စိတ်မကောင်းပါဘူး။ အမှန်တရားအတွက် ရပ်တည်တာ ဂုဏ်ယူပါတယ်။ NCA အပေါ်မတူညီစွာ အဓိပ္ပါယ်ဖွင့်ဆိုပြီး အကောင် အထည်ဖော်ဖို့ ကြိုးစားနေတဲ့ ကာလမှာ အခုလိုဖြစ်သွားတာကိုတော့ စိတ်မကောင်းသလို အဲဒီအခမ်းအနားကို စီစဉ်သူတွေ၊ တက်ရောက် တဲ့သူတွေ အားလုံးကို လေးစား ပါတယ်ဆိုတာပြောချင်ပါတယ်။ သူတို့အတွက်ဂုဏ်ယူသလို KNU ဘက်ကလည်း NCA လက်မှတ်ရေးထိုးတဲ့ Partner အနေနဲ့ NCA အကောင်အထည်ဖော်မှုမှာ အတူတကွ တာဝန်ခံမှု ရှိအောင် ကျွန်တော်တို့ ကြိုးစားသွားမှာ ဖြစ်ပါတယ်။

 

မေး။ ။ အပစ်ရပ်နယ်မြေ မသတ်မှတ်နိုင်သေးတဲ့ကာလမှာ ကေအဲန်ယူ ထိန်းချုပ် နယ်မြေဖြစ်တဲ့ တပ်မဟာ (၃) မှာ တပ်စခန်းတိုးချဲ့တဲ့ကိစ္စက အပစ်အခတ်ရပ် စဲရေးခိုင် မာအောင်ပြုလုပ်ဖို့ ပိုမို ခက်ခဲစေ သလား။ ငြိမ်းချမ်းရေးနဲ့ အပစ်အခတ်ရပ်စဲရေး ခိုင်မာအောင်ပြုလုပ်ခြင်း အရေးပါမှုကို ပြောပြပေးပါ။

 

ဖြေ။ ။ တပ်မဟာ (၃) ကျောက်ကြီး - မူသယ်ကားလမ်းဖောက်တဲ့ကိစ္စကတော့ အပစ် အခတ် ရပ်စဲရေး ခိုင်မာအောင် လုပ်ရမယ့် နေရာမှာ အဲလိုဖြစ်တာတော့ ရုပ်ဆိုးပါတယ်။ ကားလမ်းဖောက်တော့ သူတို့ အင်အား တိုးချဲ့ပြီး လုံခြုံရေးယူတယ်။ အဲဒီလုံခြုံရေးတွေ နယ်ကျော်လာတော့ ကျွန်တော်တို့ လုံခြုံရေးတွေ ထိတွေ့မှု ဖြစ်တယ်။ ဒါပေမယ့် အောက်ခြေက ကြီးကြီးမားမား မဖြစ်အောင် ထိန်းထားလို့သာပေါ့။ ကားလမ်း ဖောက် တာကို ကျွန်တော်တို့ဘက်က စစ်ရေးအရ ပြင်ဆင်မှု လုပ်တယ်လို့ အမြင်ရှိတယ်။ ရိက္ခာပို့ ဖို့ လမ်းက ရှိပြီးသားလေ။ အခုလို လမ်းကို (၃၄) ပေအကျယ်အထိ ချဲ့လိုက်တော့ လူထု လည်းစိုးရိမ်ပြီး၊ အောက်ခြေမှာ ထိတွေ့မှုတွေ ဟိုနား ဒီနားဖြစ်တော့ IDPs အသစ်ကို ဖြစ်ပေါ်စေတာပေါ့၊

ယုံကြည်မှုတည်ဆောက်နေဆဲကာလ၊ အပစ်အခတ်ရပ်စဲရေးကို ခိုင်မာအောင် လုပ်ရမဲ့ နေရာမှာ ဒီလို အငြင်းပွားစရာ အပြုအမူတွေ ကတော့ လက်မခံနိုင်စရာပါ။

NCA စာချုပ်ဆိုတာ အပစ်အခပ်ရပ်စဲရေးစာချုပ်တခုလို့လဲပြောလို့ရတယ်။ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အောင်မြင်ဖို့ဆိုတာ နှစ်ဘက်က ယုံကြည်မှုတည် ဆောက်ရေးလုပ် ငန်းစဉ် တွေ တိုးတက်မှုရှိမှ ၊ အနှစ်သာရ ရှိတဲ့ နိုင်ငံရေးရလဒ်တွေရရှိမှသာလျှင် ယုံကြည်မှုက တိုးတက်လာမှာ၊ အခုက အပစ်ရပ်ခိုင်မာဖိုနဲ့ သက်ဆိုင်တဲ့ အခန်း (၃) က မဆွေးနွေး ရသေးဘူး၊ အခန်း (၄) ကလည်း အခန်း (၃) ကရလဒ်မရတော့ အလုပ်မဖြစ်၊ JMC အလုပ်မဖြစ်တော့ အပစ်အခတ်ရပ်စဲရေးခိုင်မာအောင်လုပ်ဖို့ပိုခက်ခဲစေတယ်။ ဒါတွေကို ညှိနှိုင်းဘို့ကျွန်တော်တို့အလွတ်သဘောဆွေးနွေးပွဲတွေကနေအဖြေရှာနေတာဖြစ်ပါတယ်။

 

မေး။ ။ အလွတ်သဘောဆွေးနွေးပွဲတွေကနေ တိုးတက်မှုရလဒ်တွေရှိပါသလား။ တရား ဝင် လမ်းကြောင်း မသွားခင် ဘာတွေဆက်လုပ်သွားဖို့ရှိလဲ။

 

ဖြေ။ ။ ရှိပါတယ်။ အလွတ်သဘော (၇) ကြိမ်တွေ့ပြီး နောက်လဆန်းမှာ ထပ်တွေ့မှာ ဖြစ်ပါတယ်။ ဒီတစ်ကြိမ် တွေ့တာ သူတို့ ကျွန်တော်တို့ရဲ့ အဆိုပြုလွှာအပေါ် ပိုနားလည် လာတယ်လို့ယူဆတယ်။ နီးစပ်မှု ပိုရှိလာတယ်လို့ ပြောပါတယ်။ နောက်လဆန်းတွေ့ရင် ပိုပြီး အသေးစိတ်ကျတဲ့အနေအထားအထိ ဆွေနွေးမှာ ဖြစ်ပါတယ်။

 

မေး။ ။ ဖြည့်စွက်ပြောချင်တာ၊ရှင်းပြချင်တာများရှိပါသလား။

 

ဖြေ။ ။ ကျွန်တော်တို့ ကြိုးစားနေတာက ၂၀၂၀ မတိုင်မှီ အပစ်အခတ်ရပ်စဲရေး ခိုင်မာမှု ရှိဘို့အတွက် လိုအပ်တဲ့ဆွေနွေးမှုတွေ၊ လုပ်ငန်းစဉ်တွေဖြစ်ပေါ်လာဖို့အတွက် သဘောတူ ညီမှု ရရှိဖို့နဲ့ ၂၀၂၀ အလွန်မှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေဆက်သွားဖို့ဖြစ်တယ်။ အဲဒီ ဆက်သွားတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာ ဖက်ဒရယ်တည်ဆောက်ရေးအဆင့် (၃) ဆင့်ကိုအခြေခံပြီး နောက် တက်လာမယ့် အစိုးရတွေ ကာလမှာ ဆက်လက်ဆွေးနွေး အကောင်အထည်ဖော်နိုင်ဖို့အတွက် တရားဝင်မှု ရှိတဲ့ ဆွေးနွေးရေး လုပ်ငန်းစဉ်တွေ ရရှိဖို့ဖြစ်ပါတယ်။ ကျေးဇူးတင်ပါတယ်။